21/09/2018
ဒီတခါမှာတော့ ခံတွင်းကင်ဆာအကြောင်းလေး ပြောပြပေးမှာဖြစ်ပါတယ်။ သူကပြောမယ်ဆို အများကြီးပြောရမှာ အရမ်းကျယ်ပျံ့တဲ့ ခေါင်းစဉ်တခုဖြစ်ပါတယ်။ သို့သော်လည်း သိသင့်သော အချက်လေးတွေစုပြီး အကျဉ်းပြောပြပေးသွားမှာ ဖြစ်ပါတယ်။
အရင်ဆုံး ခံတွင်းကင်ဆာဆိုတာ ဘာလဲ? ဆိုတာလေး စပြောကြရအောင်လား။ ရိုးရိုးလေးပြောရရင် ခန္ဓာကိုယ်တွင်းရှိ ဆဲလ် တွေက သာမာန်မဟုတ်တဲ့ ဖြစ်စဉ်တွေနဲ့ ကြီးထွားမှုမြန်လာပြီး တခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထိုးဖောက်ဝင်ရောက်ပြီး ပျက်ဆီးဖျက်ဆီးစေသော ဖြစ်စဉ်ကို ကင်ဆာလို့ ပြောဆိုကြတာဖြစ်ပါတယ်။ ခံတွင်းမှာဖြစ်တော့ ခံတွင်းကင်ဆာလို့ ခေါ်တာပေါ့ဗျာ။
ok ဒါဆို ကျွန်တော်တို့က ဆဲလ် တွေကိုမြင်ရတာမှ မဟုတ်တာ ကင်ဆာဖြစ်နေသလား / မဖြစ်နိုင်ဘူးလားဆိုတာ ဘယ်လိုသိနိုင်မလဲလို့ မေးစရာဖြစ်လာပါတယ်။ မှန်ပါတယ်၊ မျက်စိနဲ့တော့ ကင်ဆာဖြစ်နေလားဆိုတာ မြင်နိုင်ဖို့ အလွန်ခက်ခဲပါတယ်၊ မမြင်နိုင်ဘူးလို့တောင်ပြောလို့ရပါတယ်။ သို့သော် အောက်ပါ ပြောင်းလဲမှုတွေထဲက ၃ခုလောက်ဖြစ်လာရင်တော့ နားလည်တဲ့ မိမိ မိသားစုဆရာဝန်နဲ့ တိုင်ပင်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ အဲဒါတွေက ဘာတွေလဲ ဆိုရင် ....
၁။ လည်ပင်းမှာ အကျိတ်တွေ ဖြစ်လာတာ အချိန်ကြာလာရင် / ဒါမှမဟုတ် ဖြစ်လိုက်ပျောက်လိုက် ခဏ ခဏဖြစ်လာရင်
၂။ လျှာတွေက အလိုလိုနေရင်း နာလာရင်
၃။ အဖြူကွက် အနီကွက်တွေ ပါးစောင်နဲ့ ပါးစပ်ရဲ့ တခြားနေရာတွေမှာ မြင်ရရင်
၎။ အလိုလိုနေရင်းကို ပါးစပ်မှ သွေးတွေထွက်နေရင်
၅။ ထုံသလိုလို ခံစားချက်မဲ့နေသလိုလို ဖြစ်လာရင်
၆။ စားလိုက်တာတွေက အရသာမရှိပဲ လနဲ့ချီကြာလာရင်
၇။ ထိခိုက်ဒဏ်ရာရှိသော်လည်း နာကြင်မှုကို မခံစားရရင်
၈။ ခံတွင်းရဲ့ ဘယ်နေရာမှာဖြစ်စေ အနာတွေက မပျောက်ပဲ ၁ လကျော် ကြာလာရင်
၉။ စားရ ဝါးရတာ ခက်ခဲလာရင်
၁၀။ ရုတ်တရက် မိမိအသံက ပြောင်းလဲလာရင်
၁၁။ နားနဲ့ နားပတ်ဝန်းကျင် အလိုလိုနာနေရင်
၁၂။ ပါးစပ်ထဲမှာ စူးရှနေတဲ့ သွားတွေ၊ သွားတုတွေ ရှိနေရင်
၁၃။ ရုတ်တရက် ခန္ဓာကိုယ် အလေးချိန် လျှော့ကျသွားရင်
မိမိရဲ့ မိသားစုဆရာဝန်နဲ့ ဖြစ်စေ သွားဘက်ဆိုင်ရာ ဆရာဝန်နဲ့ ဖြစ်စေ သတိထားပြီး သွားပြသင့်ပါတယ်။ ဒီလက္ခဏာတွေဟာ ၁မျိုးထဲဖြစ်ပါက ဖြစ်လေ့ဖြစ်ထရှိလို့ အရမ်း စိုးရိမ်စရာမလိုပဲ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ တိုင်ပင်ပြသသင့်တာဖြစ်ပါတယ်။ အရေးကြီးတာက ၃မျိုးလောက်တွေ့ရရင်တော့ အမြန်ပြသဖို့လိုပါတယ်။
ဒါဆို ဒီလက္ခဏာတွေက ဘယ်လိုလူမျိုးမှာ ဖြစ်လေ့ရှိလဲ? ဘယ်လိုလူတွေဖြစ်လာရင် ပိုသတိထားရမလဲ? ဆိုတာလေးပါ သိထားသင့်ပါတယ်။
အဓိက ကတော့ ဆေးလိပ်သောက်သူတွေမှာ အရမ်းသတိထားရမှာဖြစ်ပါတယ်။ သူကဖြစ်နိုင်ခြေအရှိဆုံးစရင်းဝင်တွေထဲ ပါပါတယ်။ နောက်ပြီး ကွမ်းစားသူတွေဖြစ်ပါတယ်။ အဆိုးဆုံးကတော့ ဆေးရွက်ကြီးကို ဒီအတိုင်းငုံထားတဲ့ လူတွေမှာ ခံတွင်းကင်ဆာ ဖြစ်နှုန်းအရမ်းများပါတယ်။ အခုမြန်မာနိုင်ငံမှာ ဆိုရင် ကွမ်းသီးကနေလဲ အဖြစ်များလာပါတယ်။ ကွမ်းသီးက နေ ဘာလို့ဖြစ်ရတာလဲ ဆိုရင် လတ်ဆက်သန့်ရှင်းတဲ့ ကွမ်းသီးဆိုမဖြစ်လိုပါဘူး ၊ ရှေးမြန်မာတွေလဲ ကွမ်းစားကြပါတယ် သူတို့ကြအဖြစ်နည်းတယ် ဘာလို့လဲ? လို့မေးတာကို ဖြေရရင် သန့်ရှင်းလက်ဆက်သော ကုန်ကြမ်းတွေသုံးထားလို့ပါ။ အခုခေတ် ကွမ်းသီးတွေမှာ မှိုတွေပါတက်ပါတယ်။ ဒါကို ရေဆေးလိုက်ရင် မမြင်နိုင်တော့ပါဘူး။ ကွမ်းသီးမှိုဟာ ကင်ဆာဖြစ်နိုင်သော အကြောင်းအရောတွေထဲက တခုဖြစ်ပါတယ်။ ဒါကြောင့် ကွမ်းသီးမှိုနဲ့ ဆေးရွက်ကြီးပေါင်းပြီး ယနေ့ခေတ်မှာ ခံတွင်းကင်ဆာကို ပိုတွေ့ရပါတယ်။ နောက် တခုကတော့ အရက်ပေါ့ဗျာ။ သူက အရက်ကြီးပဲသောက်ရင် ခံတွင်းကင်ဆာကို ဖြစ်နိုင်ခြေနည်းပေမဲ့ ဆေးလိပ်နဲ့ကွမ်းပါ တွဲလာရင် အရက်သည် ကင်ဆာဖြစ်နိုင်ခြေကို ၆ဆ အထိပိုပြီးဖြစ်စေတယ်လို့ ဆိုကြပါတယ်။
အခု ဆေးလိပ် အရက်နဲ့ ကွမ်းတွေပြီးရင် အဖြစ်များတာကတော့ မျိုးရိုးပါ။ ကင်ဆာဟာ မျိုးရိုးလိုက်သော ရောဂါမျိုးဖြစ်ပါတယ်။ နောက်တခုကတော့ နေရောင်နဲ့ ထိတွေ့တာ နေ့တတူက ထိတွေ့ရင်း အချိန်ကြာရင်လဲ ကင်ဆာဖြစ်နိုင်ခြေကို အားပေးပါတယ်။ HPV လို့ခေါ်တဲ့ human papilloma virus တမျိုးကြောင့်လဲ ကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ ခံတွင်းကင်ဆာအကြောင်းပြောတာဆိုတော့ ခံတွင်းကို သန့်ရှင်းအောင်မထားရင်လဲ ကင်ဆာကိုဖြစ်စေပါတယ်။ အဟာရ အားနည်းတာ ချို့တဲ့တာမျိုးဆိုရင်လဲ ကင်ဆာဖြစ်ဖို့ကို အားပေးပါတယ်။ နောက်ဆုံးအနေနဲ့ ဝမ်းနည်းစရာ သတင်းလေးပြောပြရရင် ဘာမှမလုပ်ပဲ ဆေးလိပ်မသောက် ၊ ကွမ်းမစား ၊ အရက်မသောက်ရင်တောင် ၀.၇% ကနေ ၂၁% လောက်အထိကို ကင်ဆာဖြစ်နိုင်ခြေရှိနေပါသေးတယ်။
ကင်ဆာတော့ဖြစ်ပီ ငါသေတော့မှာလား? လို့ မေးမေးပြီး လူတွေက ကြောက်စိတ်ပိုကြပါတယ်။
အမှန်တော့ ကင်ဆာဖြစ်တိုင်း မသေနိုင်သေးပါဘူး။ သူ့မှာ အဆင့်တွေရှိပါတယ်။ စောစောသိလေ အသက်ရှည်လေပဲဖြစ်ပါတယ်။ ပြီးတော့ သူက ဖြစ်တဲ့ နေရာပေါ်မှာလဲ အများကြီးမူတည်ပါတယ်။ ဝမ်းနည်းစရာထပ်ပြောရရင် ခံတွင်းမှာ စဖြစ်တဲ့ ကင်ဆာဟာ နည်းနည်းနဲပြီး ခံတွင်းမှာတွေ့ရရင် တခြားနေရာကနေ တဆင့်ခံပြီးလာတဲ့ ဒုတိယကင်ဆာနေရာဖြစ်လေ့ရှိလို့ အဆင့်နောက်ကျပါတယ်။ ကုသမှု အမြန်ခံယူဖို့လိုပါတယ်။ အကယ်၍ ပထမစတင်တဲ့ နေရာလဲ ဖြစ်မယ်၊ အသိလဲ စောမယ်ဆိုရင် ၉၀%လောက်က စိုးရိမ်စရာမရှိပါဘူး။ ကုသလို့ ပျောက်ကင်းနိုင်ပါတယ်။ သို့သော်လည်း တကယ့်လက်တွေ့ ဘဝမှာတော့ အဲလောက်မလွယ်လှပါဘူး။ ၆၀%လောက်သည် အသက်ရှင်ရပ်တည်ဖို့ အရမ်းကြိုးစားနေရတာ ဖြစ်ပါတယ်။ စာအုပ်တွေထဲမှာ အမျိုးမျိုးရေးကြပေမဲ့ အကြမ်းသဘောပြောပြရရင် ကင်ဆာဖြစ်လာရင် ၅နှစ်အောက်သာ အသက်ရှင်ဖို့ ၆၄%လောက်သေချာနေပီး၊ ၅နှစ်အထက် အသက်ရှင်နေထိုင်ဖို့တော့ ၃၉%လောက်အထိ မျှော်လင့်လို့ရပါသေးတယ်။ ဒါကလဲ စောစောက ပြောသလို ဖြစ်တဲ့နေရာ ကုသရတဲ့ အဆင့်တွေပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။
ဟုတ်ပီ ဒါဆို ကျွန်တော်တို့က ကင်ဆာဖြစ်နေပီလား ? မဖြစ်ဘူးလား ? ဆိုတာကို ဘယ်လိုခွဲခြားကြမလဲ?
ကင်ဆာဟာ ဆဲလ်တွင်းမှာဖြစ်လို့ မျက်စိနဲ့ကြည့်ပြီး ဘယ်လိုမှ ဆုံးဖြတ်လို့မရပါဘူး။ သေချာနေရင်တောင် မှန်ကန်တဲ့ စစ်ဆေးချက်ကို ဆရာဝန်တိုင်းယူကြပါတယ်။ အကြမ်းသဘောသိထားဖို့ကတော့ ခံတွင်းကင်ဆာဖြစ်တဲ့လူတွေဟာ သွားဆရာဝန်ထံ dental checkup လုပ်ရင်း အမှတ်မထင် သိသွားကြတာများပါတယ်။ ခံတွင်းကင်ဆာကို သီးသန့်စစ်ဆေးတဲ့ နည်းတွေနဲ့လဲ စစ်နိုင်ပါသေးတယ်။ အဲဒါတွေကတော့ အသားစ biopsy ယူခြင်းပဲဖြစ်ပါတယ်။ သူ့မှာလဲ အပေါ်ယံအရည်ကြည်ပဲ ယူတာလား ၊ တပိုင်းတဆ လှီးယူလိုက်မှာလား ၊ တခုလုံးကို ဖယ်ထုတ်လိုက်မှာလား ၊ အတွင်းပိုင်းထဲက အရည်ကြည်ကိုယူမှာလား စတဲ့ စတဲ့ နည်းပညာတွေလဲ အမျိုးမျိုးရှိပါတယ်။ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးကတော့ သွားတိုက်တဲ့ အခါတိုင်း မှန်ထဲမှာ ကြည့်ပြီး ပုံမှန်ဖြစ်နေသလား? မဖြစ်ဘူးလား? ဆိုတာကို ကိုယ်တိုင်စစ်ဆေးခြင်းက အလွယ်ဆုံးနဲ့ အရိုးရှင်းဆုံးဖြစ်ပါတယ်။
ကုသမှုပိုင်းမှာရော ဘာတွေလုပ်လေ့ရှိသလဲ? ဆိုတာစိတ်ဝင်စားစရာပါ။
သူ့ရဲ့ ကုသမှုကတော့ အမတန်ရိုးရှင်းပါတယ်။ အစောကပြောသလို မကောင်းဘူးလို့ ယူဆရတဲ့ အစိတ်အပိုင်းတခုလုံးကိုဖယ်ထုတ်လိုက်တာရယ် ၊ ဓာတ်ကင်တာရယ် ၊ ဆေးသွင်းတာရယ် ဆိုပြီး ၃မျိုးရှိပါတယ်။ ဒါကတော့ ရောဂါဖြစ်နေတဲ့ နေရာနဲ့ အခြေအနေပေါ်မူတည်ပြီး ကုသမှုပုံစံက အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ကုသမှု ၁ခုထဲ သုံးတာမျိုးရှိသလို ၊ ၂မျိုးပေါင်း ၃မျိုးပေါင်းပြီး တွဲသုံးရတာမျိုးတွေလဲ ရှိပါတယ်။ ကုသမှုအပိုင်းထက် ပိုပြီး သိသင့်တာကတော့ ကာကွယ်မှုအပိုင်းပါ။
ကင်ဆာမဖြစ်အောင် ကာကွယ်လို့ရပါသလား?
ဒီလိုမေးလိုက်တော့ ဖြေရတာအမတန်ခက်သွားပါတယ်။ ကင်ဆာဆိုတာ ဖြစ်ချင်တဲ့ လူကတော့ ဖြစ်မှာပါပဲ။ သို့သော်လည်း ဖြစ်နိုင်ခြေအနည်းဆုံးဖြစ်အောင် နေထိုင်ဖို့ကတော့ မိမိတာဝန်ပဲပေါ့နော်။ သင်ဟာ ဆေးလိပ်သောက် ကွမ်းစားသူတစ်ယောက် ဖြစ်ခဲ့ရင်တော့ ယနေ့ပဲ ဖြတ်လိုက်သင့်ပါတယ်။ စောစောဖြတ်လေ ပိုပိုပြီးအကျိုးများလို့ပါပဲ။ အရက်သောက်တက်သောသူဆိုရင်တော့ လျှော့သောက်ပါလို့ သူတို့က အကြံပေးပါတယ်။ ၁နေ့ကို အရက် ၂ပတ်ခန့် သောက်ခြင်းက ကျန်းမာရေးကို အထောက်အကူပြုသော်လည်း ပမာဏများလာတာနှင့်အမျှ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာဖြစ်ပါတယ်။ နောက်ပီး အစားအသောက်ပါ၊ အစားစားရင် အဟာရမျှတအောင်စားဖို့ အရမ်းအရေးကြီးပါတယ်။ ကာဗိုဟိုက်ဒရိုက်၊ ကစီနဲ့ အဆီ၊ အသားဓာတ်တွေ နဲ့ ဟင်းသီးဟင်းရွက်တွေကို မျှတအောင်စားဖို့လိုပါတယ်။ ဟင်းရွက်ပိုင်းမှာ အရောင်တွေစုံအောင်စားပေးနိုင်လေ ပိုကောင်းလေပဲဖြစ်တယ်လို့ ဆရာဝန်တွေက အကြံပေးပါတယ်။ နေရောင်ခြည်ကို တက်နိုင်သဖြင့် တိုက်ရိုက်မထိမိဖို့လဲ အရေးကြီးပါသေးတယ်။ အကယ်၍ သင်ဟာ နေရောင်ထဲ ပြေးလွှားနေရသူတစ်ယောက်ဆိုရင် နေရောင်ကာတဲ့ cream တမျိုးမျိုးကို သုံးပေးသင့်ပါတယ်။ sun block မှာဆိုရင်တော့ အနည်းဆုံး SPF 15 လောက်ကို သုံးပေးဖို့လိုပါတယ်။ အလွယ်နည်းကတော့ အစောကပြောသလို သွားတိုက်တိုင်း ပုံမှန်ဖြစ်သလားဆိုတာ ၁ပတ်၁ခါလောက် မှန်ကြည့်ရင်း စစ်ဆေးပေးသင့်ပါတယ်။ ဒါထက်လွယ်ကူတာကတော့ ၆လ မှာ တကြိမ် သွားဆေးခန်းကိုသွားပြီး dental checkup လုပ်ခြင်းကတော့ အကုန်ကျအနည်းဆုံးနဲ့ အစောဆုံးသိရှိနိုင်မဲ့ နည်းပဲ ဖြစ်ပါတယ် လို့ အကြံပေးရင်း ဒီတခါဆွေးနွေးမှုလေးကို နားလိုက်ကြရအောင်လားဗျာ။
Ayethukha Dental Clinic
561, thura st, 9 ward , south oakkalapa, yangon
phone - 09795501474 , 095055689