07/06/2022
"ကုဋေရှစ်ဆယ် သူဌေးသားက သိပ်သနားဖို့ကောင်းတယ်နော် ဆရာမ"
"နင် ဘာသနားတာလဲ"
"နင်သာလူမိုက် ဒုစရိုက်တဲ့လား ဆရာမရယ်။ သူက ဘာမဟုတ်တာ လုပ်လို့လဲ"
ဆရာမက မျက်လုံးပြူးပြီး ပြန်ကြည့်တယ်။ ဘာမှမပြောသေးဘူး
"သူ့ရှိတဲ့ ပိုက်ဆံကလဲအခိုးခံရတယ်။ လူတွေက ကျေးဇူးတရားကိုနားမလည်ကျဘူးနော်"
"သူက ပညာမှ မတတ်တာ"
"ပညာမတတ်ရင် နှလုံးသားမဲ့ရောလား ဆရာမ။ သူ့ပစ္စည်း အခိုးခံရတာတောင် ပြန်ပြီး ခိုးရကောင်းမှန်း လုရကောင်းမှန်းမသိလို့ တောင်းစားတာလေ။ ဘာလို့ ဝိုင်းရိုက်ကျတာလဲ..."
"အဲ့ဒါ...."
"သားက အဲဒီ လူ့ပတ်ဝန်းကျင်ကိုပဲအမြင်ကပ်တာ၊ သူတို့လဲ ပညာမဲ့လောက်တယ် ပညာတင်မကဘူး နှလုံးသားပါ မဲ့လောက်တယ်"
"ဘာ..."
"သားမေးပါရစေ အဲဒီ့ကဗျာ က သူဌေးသားကို အကောင်းပြောတာလား။
မကောင်းပြောတာလား"
"ဟို မကောင်းပြောတာလေသားရဲ့"
"ဒါဆို သူ့ကိုဝိုင်းရိုက်ကျတဲ့သူတွေက ကောင်းတယ်ပေါ့"
"ကဗျာက ပညာမဲ့တာကို မကောင်းပြေားတာလေ"
"နှလုံးသားမဲ့တာကျတော့ရော၊ စာနာစိတ်မရှိတာကျတော့ရော၊ မြေနိမ့်ရာလှံစိုက် တာကျတော့ရော၊ ကူညီရကောင်းမှန်း မသိတာကျတော့ရော"
"ကဗျာဆိုလိုရင်းကို သားသိအောင်ကြိုးစား"
"ဘာဆိုင်လို့လဲ "
"ဆားတုံဆရာတော်က ပညာမဲ့တာကို အဆိုးရေးထားတယ်။ နှလုံးသားမဲ့တာကို အပြစ်တောင်မဆိုထားဘူး။
ဆရာမ ဘယ်လိုမြင်လဲမသိဘူး..
သားကတော့ ဒီလိုပဲမြင်တယ်"
"ပညာမဲ့တာနဲ့ စာနာစိတ်မဲ့တာ ဘယ်ဟာပိုဆိုးလဲ"
# တာရာမင်းဝေ