06/07/2025
"သွားပိုးစားတာမဟုတ်တဲ့ ကလေးသွားပေါ်က အမဲစက်များ"
ကလေးသွားတွေပေါ်မှာကပ်နေတဲ့ အမဲရောင်အစက်လေးက ရုတ်တရက်ကြည့်ရင် သွားပိုးစားတာနဲ့တူပါတယ်။ ဒါပေမယ့် အခုပြောပြမှာက သွားပိုးစားတာမဟုတ်တဲ့ အမဲရောင်အစွန်းအထင်းလေးတွေအကြောင်းဖြစ်ပါတယ်။ ကလေးသွားပေါ်က အမဲရောင်အစက်တွေက သွားပိုးစားနေတာလား၊ အစွန်းတွေလားဆိုတာ သာမာန်လူတွေအနေနဲ့ သေသေချာချာ ခွဲခြားနိုင်မှာမဟုတ်တာကြောင့် တခုခုဆိုရင် ဆေးခန်းသာပြကြဖို့ ဦးစွာစကားခံထားလိုပါတယ်ခင်ဗျ ။
◻ အမဲရောင်အစက်တွေဖြစ်ရသော အကြောင်းအရင်းများ
✅ သွားကို အစွန်းဖြစ်စေသောဘက်တီရီးယားများ
သွားတွေမှာ အစွန်းဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို အင်္ဂလိပ်လို ခရိုမိုဂျင်းနစ်ဘက်တီရီးယား - Chromogenic bacteria လို့ ခေါ်ပါတယ်။ ကလေးသွားတွေမှာ အမဲရောင်အစွန်းတွေဖြစ်ဖို့အတွက် ဒီဘက်တီးရီယားတွေဟာ အရေးကြီးတဲ့ကဏ္ဏကနေပါဝင်ပါတယ်။ ကလေးသွားတွေပေါ်က အမဲရောင်အစွန်းလေးတွေဟာ သွားဂျိုး/သွားချေးတွေရဲ့ ပုံသဏ္ဏန်တစ်မျိုးဖြစ်သလို ခရိုမိုဂျင်းနစ်ဘက်တီးရီးယားအစုလိုက်ကြီးလို့လည်း ပြောလို့ရပါတယ်ဗျ။
ဒီလိုအမဲရောင်အစွန်းတွေကို ခွဲခြမ်းစိတ်ဖြာတဲ့အခါ အစွန်းတွေထဲမှာ သံဓာတ်ကို အများဆုံးတွေ့ရတယ်လို့ ဆိုပါတယ်။ သံဓာတ်နဲ့ ခရိုမိုဂျင်းနစ်ဘက်တီရီးယားတွေကနေ ထုတ်လုပ်လိုက်တဲ့ ဟိုက်ထရိုဂျင်ဆာလ်ဖိုက် (Hydrogen Sulfide) နှစ်မျိုး ဓာတ်ပြုလိုက်တဲ့အခါ သွားပေါ်မှာ ဒီလိုအမဲရောင်အစွန်းတွေဖြစ်လာပါတယ်တဲ့ ။ ဒါဆို သံဓာတ်ကရော ပါးစပ်ထဲကို ဘယ်လိုရောက်လာတာလဲ စဥ်းစားစရာပါ ။
သံဓာတ်ကတော့ ကလေးအားဆေးတွေမှာပါတတ်ပါတယ် ။ နောက်တစ်ခုက ကျွန်တော်တို့သွေးထဲမှာလည်း သံဓာတ်တွေရှိပါတယ် ။ သွားဖုံးသွေးထွက်ခြင်း၊ သွေးယိုခြင်းတွေဖြစ်ရင် ပါးစပ်ထဲမှာ သံဓာတ်ရှိနိုင်ပါတယ် ။
ဒါကြောင့် ခံတွင်းသန့်ရှင်းရေး စနစ်မကျတဲ့ကလေးတွေ၊ သံဓာတ်အားဆေးသောက်နေရတဲ့ကလေးတွေ၊ သွားဖုံးသွေးယိုတတ်တဲ့ကလေးတွေမှာ ဒီလိုအမဲရောင်အစွန်းလေးတွေကို တွေ့ရများပါတယ်။
✅ အစားအသောက်
ကလေးတွေနေ့စဥ်စားသောက်နေတဲ့ အစားအစာတွေထဲမှာ သွားကို အစွန်းအထင်းဖြစ်စေတဲ့အရာတွေပါနေရင်လည်း ဒီလိုဖြစ်စေနိုင်ပါတယ်။
ကလေးသွားတွေကို အစွန်းအထင်းဖြစ်စေနိုင်တဲ့အစားအသောက်တွေကတော့
၁။ စီးကပ်သောအစားအစာများ။ ဥပမာ - ချောကလက်ဘီးစကစ်
၂။ အရောင်ပါသောအရည်များ ။ ဥပမာ- လက်ဖက်ရည်၊ ကော်ဖီ၊ ချောကလက်မစ်ရှိတ်
✅ သံဓာတ်အားဆေးများ
✅ ပလုတ်ကျင်းဆေးရည်များ
ပလုတ်ကျင်းဆေးရည်တော်တော်များများက များသောအားဖြင့် အသက် (၆)နှစ်မှ စပြီးသုံးလို့ရပါတယ် ။ တချို့သောပလုတ်ကျင်းဆေးရည်တွေဟာဆိုရင် ဆရာဝန်အညွန်းနဲ့သာ သုံးစွဲရပါတယ်။ ဆရာဝန်အညွန်းနဲ့သုံးစွဲရတဲ့ ကလိုဟက်ဇဒင်းပါတဲ့ ပလုတ်ကျင်းဆေးရည်တွေကို ကလေးတွေကို အချိန်တစ်ခုအထိ ပေးသုံးမိရင် အခုလို သွားများမှာ အစွန်းအထင်းတွေဖြစ်လာတတ်ပါတယ်။
✅ ခံတွင်းသန့်ရှင်းရေးစနစ်မကျခြင်း
သွားတွေကို စနစ်တကျမသန့်ရှင်းဘူးဆိုရင် သွားတွေဟာလည်း အပြည့်အဝမသန့်ရှင်းတော့ပဲ သွားတွေပေါ်မှာ သွားချေးတွေကျန်နေခဲ့ပါတယ် ။ သွားချေးတွေဟာ နည်းနည်းချင်းစုပုံလာရာမှ ၄၂-၇၂နာရီဝန်းကျင်လောက်မှာ တဖြည်းဖြည်းမာကျောလာပြီး သွားပေါ်ကနေဖယ်ရှားဖို့ခက်သွားပါတယ်။ ဒါကြောင့် ခံတွင်းသန့်ရှင်းရေးစနစ်မကျ၊ သန့်ရှင်းရေးအားနည်းတဲ့ ကလေးတွေရဲ့သွားတွေမှာ ဒီလိုအစွန်းအထင်းတွေဖြစ်နိုင်ပါတယ်။
ဒီအမဲရောင်အစွန်းအထင်းတွေဟာ သွားချေး/သွားဂျိုး/သွားကျောက်တွေရဲ့ ပုံစံတစ်မျိုးဖြစ်ပါတယ်။
ဆက်တိုက်ကြီး သန့်ရှင်းရေးမဟားတရားအားနည်းလွန်းနေရင်တော့ အစွန်းတွေကနေ သွားပိုးစားလာတတ်တာကို သတိပြုရမှာဖြစ်ပါတယ်ဗျ။
◻ အမဲရောင်အစွန်းတွေကို ဘယ်လိုကုသကြမလဲ?
ဒီလိုအမဲရောင်အစွန်းတွေဖြစ်လာပြီဆိုရင် အိမ်မှာ သွားတိုက်ရုံနဲ့ သွားပြန်ဖြူဖို့ ခဲယှဥ်းပါတယ်။
ဒါကြောင့် ကလေးသွားတွေကို သွားဆေးခန်းတွေမှာ သွားသန့်ရှင်းရေးပြုလုပ်နိုင်ပါတယ် ။ ဒီကုသမှုကို Professional Cleansing လုပ်တယ်လို့ခေါ်ကြပါတယ် ။ ကလေးတွေအတွက်လုပ်ပေးတဲ့ Professional Cleansing က လူကြီးတွေ သွားကျောက်ခြစ်သလိုမျိုးမဟုတ်ပါဘူး ။ အစွန်းလေးတွေကို လက်နဲ့ဖယ်တဲ့ကရိယာလေးတွေနဲ့ဖယ်ထုတ်ပြီး သွားတွေကို သန့်ရှင်းတဲ့အမှုန့်လေးတွေနဲ့ သွားတိုက်ပေးတာပါပဲ ။
ဆေးခန်းမှာ ဒီလိုသန့်ရှင်းပြီးရင်တောင် ဒီအမဲအစွန်းတွေဟာ ရက်ပိုင်းအတွင်း၊ လပိုင်းအတွင်း ပြန်ဖြစ်နိုင်ပါတယ် ။
လူနာအခြေအနေပေါ်မူတည်၍ သောက်ဆေးအနေနဲ့ လိုအပ်ပါက ဆရာဝန်တွေက ပရိုဘိုင်အိုတစ် - အကျိုးပြုဘက်တီးရီးယား ငုံဆေးလေးတွေကို ညွန်းပေးမှာဖြစ်ပါတယ်။
ဒီအမဲရောင်အစွန်းတွေဟာ ကလေးတွေအတွက် အန္တရယ်ရှိအခြေအနေလုံးဝမဟုတ်ပါဘူး။ ရောဂါလည်းမဟုတ်ပါဘူး ။ အလှအပနဲ့ပတ်သက်တဲ့ အခြေအနေတစ်ခုသာဖြစ်ပါတယ်ဗျ ။
✅ အမဲရောင်အစွန်းတွေမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ ?
ကလေးသွားတွေမှာ အမဲရောင်အစွန်းလေးတွေမဖြစ်ဖို့ ကာကွယ်ရမယ့်နည်းလမ်းတွေကလည်း လွယ်ကူပါတယ် ။
◻ ကလေးကို ခံတွင်းသန့်ရှင်းရေးစနစ်တကျလုပ်ပေးခြင်း။
◻ အရောင်စွန်းစေမယ့်အစားအသောက်များလျော့ကျွေးခြင်း။
◻ သံဓာတ်အားဆေးတိုက်နေရပါက အားဆေးကို ရေများများဖြင့်ဖျော်တိုက်ခြင်း။ အားဆေးကို သွားများနဲ့အထိအောင် ဇွန်းနဲ့မတိုက်ပဲ ပိုက်ဖြင့်စုပ်သောက်စေခြင်း။ အားဆေးတိုက်ပြီးပြီးခြင်း ရေဖြင့်ပလုတ်ကျင်းခြင်း။
◻ သွားဆေးခန်းမှာ (၆)လ တစ်ကြိမ် သွားကျန်းမာရေးစစ်ဆေးခြင်း ။
✅ ရှောင်ရန်များ
ကလေးသွားတွေမှာ အမဲရောင်အစွန်းတွေဖြစ်ခဲ့ရင် ဒါတွေမလုပ်ပါနဲ့ဗျ။
◻ သွားဖြူစေတဲ့သွားတိုက်ဆေးတွေပေးမသုံးပါနဲ့ ။ သုံးနေကျ ကလေးသွားတိုက်ဆေးဖြင့်သာ စနစ်တကျသွားတိုက်စေပါ။
◻ မုန့်ဖုတ်ဆိုဒါနဲ့ ကလေးကို သွားမတိုက်ပေးပါနဲ့။
◻ ဆီမငုံခိုင်းပါနဲ့ ါ
◻ Tik Tok / Facebook က ပေါက်ကရသွားဖြူတဲ့နည်းလမ်းများကို ကလေးမှာ မစမ်းသပ်ပါနဲ့ ။
ဒီလောက်ဆိုရင်တော့ ကလေးသွားပိုးစားတာမဟုတ်တဲ့ အမဲရောင်အစွန်းတွေအကြောင်း ဗဟုသုတရမယ်လို့ထင်ပါတယ်ဗျ ။
အနှစ်ချုပ်ကတော့ အမဲရောင်အစွန်းတွေက အန္တာရယ်မရှိဘူး၊ ရောဂါမဟုတ်ဘူး၊ ဆေးခန်းမှာ သန့်ရှင်းရေးလုပ်ထားရင်တောင် ပြန်ပြန်ဖြစ်နိုင်ပါတယ်။
ဝမ်းသာစကားပြောချင်တာကတော့ ကလေးတွေ အသက်ကြီးလာတာနဲ့အမျှ ခံတွင်းထဲက အစွန်းအထင်းတွေဖြစ်စေတတ်တဲ့ ခရိုမိုဂျင်းနစ်ဘက်တီရီးယားတွေဟာ တဖြည်းဖြည်းလျော့နည်းလာမှာဖြစ်ပြီး အစွန်းတွေဟာလည်း သွားအသစ်တွေနဲ့အတူလျော့ပါးသွားမှာဖြစ်ပါတယ်
Credit to owner