06/05/2020
ယနေ့ 6/5/2020 ဗုဒ္ဓအခါတော်နေ့
နေ့ထူးနေ့မြတ် ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်း
ကဆုန်လ။ ။
ကဆုန်ဟု ယခုအရေးအခေါ် ပြုနေသောလ၏ အမည်ကို ပုဂံခေတ်ထိုး ကျောက်စာတို့တွင် ကုဆုန်ဟု အရေးများသည်။ ပုဂံခေတ်၌ အသုံးတွင်ကျယ်သော ကုဆုန်၊ ကဆုန်ဟူသော အရေးနှစ်မျိုးတွင် ကုဆုန်သည်မူလဖြစ်၍ ယင်းမှ ကဆုန်သို့ ရွေ့လျောသည်ဟု ယူဆရပေသည်။
ကု၊ က၏အနက်သည် ရေဖြစ်၍၊ ဆုန်၏ အနက်မှာ သွန်းလောင်းသည်ဟု ဖြစ်သောကြောင့် ကဆုန်လကို ရေသွန်းလ၊ ရေလောင်းလဟုကောက်ယူရသည်။ ကုဆုန်၊ ကဆုန်ဟူသော လ၏အခေါ်မှာ အလွန်ရှေးကျ သည်ကိုထောက်သော် မြန်မာနိုင်ငံသို့ သာသနာရောက်သည့် အခါမှစ၍ ညောင်ရေသွန်းပွဲတော် ကျင်းပခြင်း အလေ့လည်းတစ်ပြိုင်တည်း ဖြစ်ပေါ်လာသည်ဟု ထင်မှတ်ရလေသည်။
တန်ခူး၊ ကဆုန်စသော ဆယ်နှစ်လတို့တွင် ကဆုန်၊ ဝါဆို၊ ဝါခေါင်၊ သီးတင်းကျွတ်၊တန်ဆောင်မုန်း၊ နတ်တော် ဟူ၍ ခြောက်မျိုးသော အခေါ်တို့မှာ သာသနာရေးကိုးကွယ် ယုံကြည်ရေးနှင့်သက်ဆိုင်လေသည်။ ဤကဆုန်လ ရာသီတွင် နေအရှိန်အပြင်းထန်ဆုံး ဖြစ်သောကြောင့် ရေများပင်ခန်းခြောက်လေ့ရှိရကား၊ မြတ်စွာဘုရား ပွင့်တော်မူရာ ဗောဓိပင်ကို ရည်မှတ်ကာ ဗောဓိပင်အပွားတော်များကို တပျော်တပါး ရေစင်သွန်းလောင်းခြင်းများ ပြုခဲ့ကြသဖြင့် လပြည့်နေ့၌ ကျင်းပသောပွဲတော် အခါကြီးကို ကဆုန် ညောင်ရေသွန်းပွဲတော်ဟုလည်း ခေါ်စမှတ်ပြုခဲ့ကြသည်။ ထိုမျှမက ခန်းခြောက်သော အင်းအိုင် ၊ ရေကန်တို့မှ ငါးများကိုပင် ရေများရာဒေသသို့ ရွှေ့ပြောင်းပေးခြင်းအားဖြင့်လည်း ဇီဝိတဒါန ငါးလွှတ်ပွဲများကို ယခုထက်တိုင် ပြုလုပ်လျက်ရှိကြသည်။
ကဆုန်လသည် မြန်မာ့တစ်ဆယ့်နှစ်လတွင် ဒုတိယလဖြစ်၍ ပြိဿရာသီနှင့်တူညီသည်။ မိုးဦးကျခါနီး ဖြစ်သည့် အလျောက်မိုးသံလေသံများ စတင်ကြားရလေသည်။
ကဆုန်လပြည့်။
ကဆုန်လပြည့်နေ့သည် ဗုဒ္ဓသာသနာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်ပေသည်။ ထိုနေ့၏ ထူးခြားချက်များမှာ-
၁။ ဗျာဓိတ်ခံယူတော်မူသောနေ့
ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့
သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော
ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်
မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားထံမှ နိယတဗျာဓိတ်
ကို ကဆုန်လပြည့်နေ့တွင် ခံယူခြင်း။
၂။ ဖွားမြင်တော်မူသောနေ့
မဟာသက္ကရာဇ် (၆၈) ကဆုန်လပြည့်နေ့တွင်
ဂေါတမမြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခြင်း။
၃။ သဗ္ဗညုတဥာဏ်တော် ရတော်မူသောနေ့
မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့
အရုဏ်တက်ချိန်တွင် ဂေါတမမြတ်စွာဘုရားအလောင်းတော်သည် သဗ္ဗညုတဥာဏ်တော်ကို
ရရှိတော်မူခြင်း။
၄။ ပရိနိဗ္ဗာန်စံတော်မူသောနေ့
မဟာသက္ကရာဇ် (၁၄၈)ခု ကဆုန်လပြည့်နေ့
တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ မြတ်စွာ
ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းတို့ဖြစ်သည်။
ထိုကဲ့သို့မြတ်စွာဘုရားရှင်၏ အဖြစ်တော်စဉ်တွင် ထူးခြားမှတ်သားထိုက်သော ဤကဆုန်လပြည့်နေ့အား ဘုရားနေ့(ဗုဒ္ဓနေ့) ဟု ဗုဒ္ဓသာသနာဝင် အပေါင်းတို့က အထွက်အမြတ် ထားကြလျက် မြတ်စွာဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရတော်မူရန် အားထုတ်ရာတွင် အမှီပြုတော်မူသော ဗောဓိပင် အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုကြကုန်သည်။
ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့သော ဗောဓိပင်ကိုလန်းဆန်းစိုပြည်စေရန်အတွက် ဖြစ်ပေသည်။
ထိုအလေ့အထသည် ဗုဒ္ဓသာသနာဝင်တို့တွင် ပျောက်ကွယ်ခြင်းမရှိဘဲ ယခုထက်တိုင် နှစ်စဉ်အမြဲ ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းလောင်းပွဲများပြုလုပ်လျက် ရှိကြလေသည်ဟု (ဗုဒ္ဓနေ့ အမှတ်တရ) အဖြစ် ဓမ္မဒါနပြုလိုက်ရပါသည်။
ကိုးကား။ ။ မြန်မာ့စွယ်စုံကျမ်း။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများပြည့်ဝကြပါစေ။
Credit to>>Ashin Sandarwara Tdk Post