06/09/2025
သွားနှင့်ခံတွင်း ခွဲစိတ်ကုသရာတွင် အွန်လိုင်းဗီဒီယိုခေါ်ဆိုမှုဖြင့် လူနာများကို နောက်ဆက်တွဲ စောင့်ကြည့်ကုသခြင်းသည် ထိရောက်မှုရှိပါသလား။
သုတေသန ရည်ရွယ်ချက်
တူရကီနိုင်ငံရှိ သွားနှင့်ခံတွင်း ခွဲစိတ်ကုသပြီး လူနာအမျိုးအစားအလိုက် အွန်လိုင်းမှတစ်ဆင့် စောင့်ကြည့်ကုသခြင်း (Tele-dentistry) ၏ အသုံးဝင်မှု နှင့် ရောဂါအမှန်အကန် ရှာဖွေနိုင်မှု စွမ်းရည် ကို စမ်းသပ်ရန်။
လူနာများ၏ ကျေနပ်မှု နှင့် ဆရာဝန်၏ အမြင်ကိုလည်း စစ်တမ်းကောက်ယူ လေ့လာရန်။
သုတေသန ပြုလုပ်ပုံ အဆင့်ဆင့်
၁။ လူနာ ရွေးချယ်ခြင်း
အသက် ၁၈ နှစ်အထက် ဖြစ်ရမည်။
WhatsApp အသုံးပြုနိုင်သော စမတ်ဖုန်းနှင့် အင်တာနက် ရှိရမည်။
ဓာတ်မှန်ရိုက်ရန် သို့မဟုတ် တစ်စုံတစ်ရာ ကုသမှု ခံယူရန် မလိုအပ်တော့သော နောက်ဆက်တွဲ စောင့်ကြည့်ကုသဆဲ လူနာများသာ ပါဝင်သည်။
လူနာများကို ကုသမှုအမျိုးအစားအလိုက် အုပ်စု (၄) စု ခွဲထားသည်။
သွားမြစ်တုစိုက်ထားသူများ (Dental Implant)
အံဆုံးသွားခွဲစိတ်ကုသထားသူများ (Minor Surgery - ဥပမာ အံဆုံးသွား ခွဲနှုတ်ထားသူများ)
ပိုးဝင်ခြင်းနှင့် မေးရိုးအတွင်းပျက်စီးမှုရှိသူများ (Infection & MRONJ)
အာရုံကြောကြွက်သားအဆစ်တွင် ပြဿနာ/ရောဂါရှိသူများ (TMD - Temporomandibular Joint Disorder)
၂။ အွန်လိုင်း စစ်ဆေးကုသခြင်း
လူနာများကို ဆေးရုံသို့ မလာခင် တစ်ရက်အလိုတွင် WhatsApp Video Call ဖြင့် ဆက်သွယ်ပြီး စစ်ဆေးမှုပြုလုပ်သည်။
စစ်ဆေးသည့် အချက်များ: နာကျင်မှုအဆင့်၊ ပါးစပ်ဟနိုင်သည့် ပမာဏ၊ ရောင်ရမ်းမှု၊ အရိုးပျက်စီးမှု၊ ပြည်တည်နာများ စိမ့်ထွက်မှု စသည်။
၃။ ဆေးရုံတက် စစ်ဆေးကုသခြင်း
Video Call ပြုလုပ်ပြီး နောက်နေ့တွင် လူနာကို ဆေးရုံသို့ ခေါ်၍ ပုံမှန်အတိုင်း ထပ်မံစစ်ဆေးသည်။
၄။ နှိုင်းယှဉ်သုံးသပ်ခြင်း
Video Call ဖြင့် ရရှိသော ရလဒ်များနှင့် ဆေးရုံတွင် စစ်ဆေးရရှိသော ရလဒ်များကို နှိုင်းယှဉ်ကြည့်သည်။
ဆရာဝန်၏ အမြင်ကို အမှတ်ပေးခြင်း: Video Call ၏ အရည်အသွေး၊ လူနာ၏ ဖော်ပြနိုင်စွမ်း၊ စစ်ဆေးမှု၏ တိကျမှု။
လူနာ၏ ကျေနပ်မှု စစ်တမ်း ကောက်ယူခြင်း။
သုတေသန ရလဒ်များ
လူနာ အရေအတွက်: ၂၁ ယောက် (အမျိုးသမီး ၁၂ ယောက်၊ အမျိုးသား ၉ ယောက်)
Video Call ကို နှစ်သက်မှု:
Video Call ပြီးချိန်တွင် ၇၁% က နှစ်သက်ကြောင်း ဖြေကြားခဲ့သည်။
ဆေးရုံတက် စစ်ဆေးပြီးချိန်တွင် ၉၅% အထိ နှစ်သက်မှု မြင့်တက်လာခဲ့သည်။
စစ်ဆေးမှု တိကျမှု:
Video Call ဖြင့် ရရှိသော ရလဒ်များသည် ဆေးရုံတွင် စစ်ဆေးရရှိသော ရလဒ်များနှင့် အလွန်ကိုက်ညီမှုရှိကြောင်း တွေ့ရှိရသည်။
နာကျင်မှု၊ ပါးစပ်ဟနိုင်မှု စသည့် အချက်အလက်များတွင် ကွာခြားမှုမရှိပါ။
ဆရာဝန်၏ အမြင်:
ဆရာဝန်ကလည်း Video Call စစ်ဆေးမှုကို အဆင့် ၄ ခုအနက် ၃ နှင့်အထက် (အလွန်ကောင်း) ဟု အမှတ်ပေးခဲ့သည်။
သို့သော် အနာနှင့် သွားတုစိုက်ထားသော လူနာအုပ်စုများတွင် အမှတ်အနည်းငယ် နိမ့်ကျသည်ကို တွေ့ရသည်။
သုတေသန ကောက်ချက်နှင့် အကြံပြုချက်များ
WhatsApp Video Call သည် သွားနှင့်ခံတွင်း ခွဲစိတ်ကုသပြီး လူနာများအား နောက်ဆက်တွင် စောင့်ကြည့်ကုသရန် အတွက် ထိရောက်ပြီး ယုံကြည်စိတ်ချရသော နည်းလမ်းတစ်ခု ဖြစ်သည်။
လူနာများ၏ ခရီးသွားစရိတ်၊ နေထိုင်စရိတ် နှင့် ဆေးရုံသို့ လာရောက်ရန် အချိန် ကို သက်သာစေပြီး၊ ကိုဗစ်-၁၉ ကဲ့သို့သော ကူးစက်ရောဂါ ဖြစ်ပွားနေစဉ်ကာလတွင် ကူးစက်နိုင်ခြေကို လျှော့ချပေးနိုင်သည်။
သို့သော် အရိုးပျက်စီးမှုဆိုင်ရာ ရောဂါများ (MRONJ) ကဲ့သို့သော ရှုပ်ထွေးသည့် အခြေအနေများတွင် ဤနည်းလမ်း၏ ထိရောက်မှုကို ထပ်မံလေ့လာရန် လိုအပ်သည်။
အနာဂတ်တွင် ဆေးဘက်ဆိုင်ရာ ဥပဒေနှင့် ကိုက်ညီပြီး လုံခြုံစိတ်ချရသော ဆေးဘက်ဆိုင်ရာ Application များ ဖွံ့ဖြိုးလာရန် လိုအပ်သည်။
အနှစ်ချုပ်:
အွန်လိုင်းမှတစ်ဆင့် စောင့်ကြည့်ကုသခြင်းသည် သွားနှင့်ခံတွင်း ခွဲစိတ်ကုသမှုတွင် ပုံမှန်အသုံးပြုနိုင်သည့် ထိရောက်သော နည်းလမ်းကောင်းတစ်ခု ဖြစ်လာနိုင်ကြောင်း ဤသုတေသနက ထောက်ခံပါသည်။