25/01/2021
သွားကျဥ်တယ် ဆိုတာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။
၁) သွားပိုးပေါက်လေးတွေ ရှိနေလို့ ➡️ သွားပိုးပေါက်လေးတွေ ရှိနေရင် ပိုပီးကျယ်မသွားအောင်၊ ပိုပီးအောက်အထိ နက်မသွားအောင် အမြန်ဆုံး သွားဖာရပါမယ်။
၂) သွားအပေါ်ယံ သို့မဟုတ် သွားပတ်ပတ်လည် ကြွေလွှာ ပြုန်းတီးမှုကြောင့်ပါ။ ဘလိုလူတွေမှာ အဖြစ်များလဲ ဆိုရင် သွားတိုတ်တံ အမာသုံးတဲ့သူတွေ၊ သွားတိုတ်ရာမှာ အလျားလိုက် ကန့်လန့်ဖြတ် သွားတိုတ်တဲ့ သူတွေ၊ နောက် ကွမ်းယာစားတဲ့သူတွေ ➡️ ကွမ်းယာစားထားတော့ သွားတွေ မဲနေပါတယ်။ မဲနေတဲ့ သွားတွေကို အရင်လို ပြန်ပီးဖြူချင်တော့ သွားတိုတ်တံကြမ်းကြမ်းနဲ့ ဖိတိုတ်တော့တာပေါ့။ အဲ့ဒါဆိုရင်လဲ ကြွေလွှာတွေ ပြုန်းတီးပီးတော့ သွားတွေ ကျဥ်လာမှာပါ။ တကယ်က ကွမ်းစားလို့မဲနေရင် ပြန်ဖြူချင်ပါက သွားဆေးခန်းမှာ ultrasonic scaler စက်နဲ့ ကွမ်းချိုးခြစ်ရင် သွားတွေကိုအရင်အတိုင်း ပြန်ဖြူစေပီး ကြွေလွှာပြုန်းတီးမှုကိုလဲ မဖြစ်စေပါဘူး။
၃) အစာစားပီးတိုင်း ပလုတ်မကျင်းတဲ့သူတွေ ခံတွင်းသန့်ရှင်းရေး မကောင်းတဲ့သူတွေမှာလဲ ကြွေလွှာပြုန်းတီးနိုင်ပီး သွားကျဥ်တတ်ပါတယ်။ အစားစားပီး ပလုတ်ကျင်းတာ ခံတွင်းသန့်ရှင်းရေးမလုပ်တာကြောင့် စားကြွင်းစားကျန်တွေက ကြာလာတော့ အချဥ်ပေါက်ပီး acid ဓါတ်တမျိုးအဖြစ်ပြောင်းသွားပါတယ်။ အဲ့ဒီ acid ဓါတ်ကပဲ သွားကြွေလွှာတွေကို အပေါက်ဖြစ်သွားစေနိုင်သလို ကြွေလွှာပြုန်းတီးပီး ကြွေလွှာတွေ ပါးလာရင်လဲ တချက်တချက်သွားကျဥ်တာကိုခံစားရမှာပါ။ ➡️ အဲ့ဒါကြောင့် အစာစားပီးတိုင်း သွားတိုတ်ဖို့ အဆင်မပြေဘူးဆိုရင်တောင် ခံတွင်းသန့်ရှင်းရေးကောင်းနေစေဖို့ ပလုတ်ကျင်းရမှာပါ။
၄) ညအိပ်ချိန်တွေမှာ အံကြိတ်တတ်တဲ့သူတွေမှာလဲ သွားကြွေလွှာပြုန်းတီးလို့ သွားကျဥ်တာ ခံစားရတတ်တယ်။ တနေ့တာ အလုပ်တွေဖိအားတွေအရမ်းများတဲ့သူတွေ မှာ ညအိပ်ချိန်မှာ အံကြိတ်တတ်တာများပါတယ်။ တချို့လဲ အရမ်းဒေါသကြီးတဲ့ သူတွေဟာ ညညအိပ်ရင်း အံကြိတ်တတ်တယ်လို့ ပြောကြတယ်။ အသက်ရူလမ်းကြောင်းမှာ problem အနည်းငယ်ရှိတယ်ဆိုရင်လဲ ညညအိပ်ရင် အံကြိတ်တာ ရှိတတ်တယ်။ အဲ့ဒီတော့ ညညအိပ်ရင် အံမကြိတ်အောင် တနေ့တာအလုပ်တွေကို ပေါ့ပေါ့ပါးပါးလုပ်ကြပါ။ စိတ်ဖိစီးမှုတွေကို လျော့ချပါ။ ဒေါသလဲ မကြီးကြနဲ့ပေါ့နော်။
သွားကျဥ်တယ်ဆိုရင် ဘာလုပ်ရမှာလဲ
သွားပိုးပေါက်လေးတွေ ရှိနေရင် ဒါမှမဟုတ် သွားကြွေလွှာပြုန်းတီးတာကို ကုသဖို့နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဘယ်လိုအနေအထားမှာ ဘယ်လိုကုသမှုပေးရမယ်ဆိုတာကတော့ စမ်းသပ်စစ်ဆေးပေးမယ့် သွားနှင့်ခံတွင်းဆရာဝန်က ပိုပီးတိတိကျကျဆုံးဖြတ်နိုင်မှာမို့ ဒီနေရာမှာ အကျယ်တဝင့်မရေးတော့ပါဘူး။ သွားဆေးခန်းကိုပဲ စောစောပြပါ။ လိုအပ်တဲ့ ကုသမှုပဲ ခံယူပါလို့ပဲ အကြံပေးပါရစေ။
အိမ်မှာနေရင်း အိမ်တွင်းကုထုံးလေးတွေကတော့ သွားကျဥ်တယ်ဆိုရင် အထက်မှာပြောခဲ့သလို သွားနှင့်ခံတွင်း သန့်ရှင်းရေးကို ဂရုစိုက်ပါ။
သွားတိုတ်ဆေးဆိုရင်တော့ သွားကျဥ်တာသက်သာစေတဲ့ သွားတိုတ်ဆေးတွေရှိပါတယ်။ သွားတိုတ်ဆေးဝယ်တဲ့နေရာမှာ သွားတိုတ်ဆေးရဲ့ ပါဝင်ပစ္စည်းတွေထဲမှာ potassium nitrate တို့ fluoride တို့ ပါရင် သွားကျဥ်တာ အနည်းငယ်တော့ သက်သာပါတယ်။ သွားနှင့်ခံတွင်းဆရာဝန်နဲ့ ဆွေးနွေးပါ။ လိုအပ်ရင် ကုသမှု ခံယူပါလို့ပဲ အကြံပေးပါရစေ။
reference;
( အထက်ပါ စာစုသည် အများပြည်သူဗဟုသုတရစေရန်အတွက်သာ လေ့လာမှတ်သားဖူးသလောက်ရေးသားခြင်း ဖြစ်ပါသည်။ လိုအပ်သည်များလဲ ရှိနိုင်ပါသဖြင့် ပညာရှင်များအတွက် မရည်ရွယ်ပါခင်ဗျာ )